Knowledge

ဖုန်းသုံးတာများပြီး စိတ်ဝေဒနာသည်လေး ဖြစ်သွားခဲ့တဲ့ (၁၃) နှစ်သားလေးအကြောင်းကို ဖော်ပြလိုက်ပါတယ်…..

Zawgyi Font :

ယနေ့ခေတ်မှာ စမတ်ဖုန်းစွဲလမ်းမှုပြဿနာဟာ ဆယ်ကျော်သက်တွေကြားထဲ ကြောက်စရာကောင်းလောက်အောင် စိုးရိမ်ဖွယ်ဖြစ်နေပါပြီ။ စမတ်ဖုန်းတွေကို အလွန်အကျွံစွဲလမ်းလွန်းတဲ့အခါ ရေရှည်မှာ မျက်လုံးနဲ့ အာရုံကြောတွေ ဒုက္ခရောက်ပြီး ဦးနှောက်ကို ပျက်စီးစေတဲ့အထိ ဖြစ်တတ်ပါတယ်။

တရုတ်နိုင်ငံ ဇီကျန်းပြည်နယ်က အသက်(၁၃) နှစ်အရွယ်ရှိတဲ့ ကောင်လေးတစ်ယောက်ဟာလည်း စမတ်ဖုန်းကြောင့် ငယ်ရွယ်နုနယ်တဲ့ဘ၀လေး ပျက်စီးလုနီးနီး ဖြစ်ခဲ့ပါတယ်။ အခုလိုဖြစ်ရတာ မိခင်ဖြစ်သူရဲ့ အပြစ်လည်းမကင်းဘူးလို့ ဆိုနိုင်ပါတယ်။ ကလေးရဲ့ မိခင်က နှစ်အစပိုင်းလောက်မှာ ကောင်လေးကို မိုဘိုင်းဖုန်းတစ်လုံး ၀ယ်ပေးပါတယ်။ မိဘတွေအပြင်မှာ အလုပ်လုပ်နေတဲ့အချိန်တွေမှာ ကလေးနဲ့ အချိန်မရွေး အဆက်အသွယ်ရအောင်ဆိုပြီး ဖုန်းဝယ်ပေးထားတာပါ။

ဖုန်းရပြီးကတည်းကစလို့ ကောင်လေးက ဖုန်းကို နေ့နေ့ညည သုံးပါတယ်။ တစ်ခါတစ်လေ ညသန်းခေါင်ကျော်တောင် မအိပ်ပဲ တစ်နေ့လုံး ဆက်တိုက်သုံးပါတယ်။ မိဘတွေကလည်း ကလေးတွေကို ပြောဆိုဆုံးမမှုမရှိတာလားတော့ မပြောတတ်ပါဘူး။ ဖုန်းကို နေ့ရောညပါသုံးရင်း လအနည်းငယ်လောက်ကြာတော့ ကောင်လေးမှာ ရောဂါရလာပါတယ်။

တစ်နေ့တော့ ကောင်လေးဟာ ကျောင်းတက်နေတုန်း ရုတ်တရက် သတိလွတ်သွားပြီး သူ့ခေါင်းနဲ့ နံရံကို မရပ်တမ်း ဆက်တိုက်ဆောင့်နေခဲ့ပါတယ်။ ဆရာမက သာမန်ထင်ပြီး နံရံကို ခေါင်းနဲ့မဆောင့်ဖို့ ပြောပေမယ့် ကောင်လေးက နားမ၀င်ပါဘူး။ နံရံကို ခေါင်းနဲ့ဆက်တိုက်ဆောင့်မြဲဆောင့်နေတာကြောင့် ဆရာမက မိခင်ဖြစ်သူကို ဖုန်းဆက်ခေါ်ပြီး အကျိုးအကြောင်း ပြောပြခဲ့ပါတယ်။

မိခင်ဖြစ်သူလာတဲ့အခါမှာတော့ ကလေးအခြေအနေက ပိုတောင် ဆိုးနေပါပြီ။ ကလေးက ပျော့ခွေနေသလို မျက်နှာလည်း အကြောလိုက်နေပါပြီ။ မိခင်က ခေါ်နှိုးတာတောင် နှိုးလို့မရတော့ပါဘူး။ ဒါနဲ့ ကလေးကို ဆေးရုံချက်ခြင်းတင်ခဲ့ပါတယ်။ ဆေးရုံမှာတော့ (၂၈) ရက်တာ ကြာသွားပါတယ်။ တစ်လနီးနီး ဆေးရုံတက်ခဲ့ပေမယ့် အခြေအနေ ဘာမှ တိုးတက်မလာပဲ ကလေးက စိတ်ဝေဒနာသည်လေး ဖြစ်သွားပါတယ်။ ဒီအကြောင်းတွေကိုတော့ တရုတ်သတင်းစာတစ်စောင်ဖြစ်တဲ့ Orient Daily သတင်းစာမှာ ဖော်ပြခဲ့တာပါ။

အသက်(၁၃) နှစ်ရှိနေပေမယ့် ကောင်လေးက ကလေးငယ်တစ်ယောက်လို ဖြစ်သွားတာပါ။ လမ်းလည်း မလျှောက်နိုင်၊ စကားလည်း မပြောနိုင်၊ သူ့ကိုယ်သူလည်း မစောင့်ရှောက်နိုင်တော့အောင် ဖြစ်သွားခဲ့တာပါ။ တကယ်တော့ ကောင်လေးဟာ Autoimmune Encephalitis လို့ခေါ်တဲ့ ဝေဒနာကို ခံစားခဲ့ရတာပါ။ လူရဲ့ အသိစိတ်ပိုင်းဆိုင်ရာကို ထိန်းချုပ်ပေးတဲ့ ပင်မအာရုံကြောစနစ်မှာ အာရုံကြောတွေယောင်လာတဲ့ရောဂါ တစ်မျိုးဖြစ်ပါတယ်။

ဒီလိုနဲ့ အာရုံကြောဆရာဝန်နဲ့ ပြသပြီး ရက်ပေါင်းများစွာ ဆေးကုသမှုခံယူပြီးတဲ့နောက်မှာမှ ကောင်လေးရဲ့ အခြေအနေဟာ တဖြည်းဖြည်းတိုးတက်လာခဲ့ပါတယ်။ မျက်နှာအကြောရွဲ့နေတာ ပျောက်သွားသလို စကားလည်း ဖြည်းဖြည်းချင်း ပြောနိုင်လာပါတယ်။ နောက်ပိုင်းတော့ မိဘတွေကိုပါ ပြန်လည်မှတ်မိလာပါတယ်။

ဆရာဝန်ကတော့ ကောင်လေးဟာ ဖုန်းကို နေ့ရောညပါ နာရီပေါင်းများစွာ ဆက်တိုက်သုံးတာကြောင့် ကိုယ်ခံအားစနစ်ဟာ အားနည်းလာရကြောင်း၊ ဒီအတွက် အာရုံကြောတွေ ယောင်ပြီး Autoimmune Encephalitis ရောဂါရလာတာဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ငယ်ရွယ်နုနယ်သေးတဲ့ မိမိတို့ ရင်သွေးငယ်တွေအပြင် မြီးကောင်ပေါက်ဆယ်ကျော်သက်တွေရဲ့ ဖုန်းအသုံးပြုတဲ့အချိန်ကိုပါ ဂရုစိုက်စောင့်ကြည့်သင့်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

Source : Brightside

Photo : mooremedia

Unicode Font :









Source : Brightside

Photo : mooremedia

 

Comment here