Health

မွေ့ယာအသစ်ဝယ်သင့်ပြီဖြစ်ကြောင်း သင့်ကိုဖော်ပြနေတဲ့ လက္ခဏာများကို ဖော်ပြပေးလိုက်ပါတယ်….

Zawgyi Font :

ကိုယ်နဲ့ မသင့်တော်တဲ့ မွေ့ယာတွေနဲ့ ရေရှည်အိပ်တဲ့အခါ ခန္ဓာကိုယ်ပေါ်မှာ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်တတ်ပါတယ်။ လူတော်တော်များများကတော့ မွေ့ယာရဲ့ အာမခံသက်တမ်းကို ကြည့်ပြီး မွေ့ယာအသစ် အစားထိုးဖို့ လိုနေပြီလားဆိုတာ ဆုံးဖြတ်ကြပါတယ်။ တစ်နေ့တာလုံး ပင်ပန်းခဲ့သမျှ အတိုးချပြီး အနားယူနိုင်ဖို့အတွက် ကိုယ့်အိပ်ခန်းထဲက မွေ့ယာဟာ အမြဲတမ်း သက်တောင့်သက်သာရှိနေဖို့ လိုပါတယ်။ အခုဖော်ပြပေးမှာတော့ asiaone သတင်းဌာနမှာ တွေ့ရှိရတဲ့ မွေ့ယာနဲ့ပတ်သက်တဲ့ သတိပြုဆင်ခြင်စရာ အချက်လေးတွေ ဖြစ်ပါတယ်။ ဒီအချက်လေးတွေကို ကြုံတွေ့ရရင်တော့ ကိုယ်နဲ့ကိုက်ညီတဲ့ မွေ့ယာကို အမြန်ဆုံးလဲလှယ်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

ပုခက်ထဲရောက်နေသလို ဖြစ်နေမယ်

မွေ့ယာပေါ်မှာ အိပ်နေပေမယ့် ပုခက်ထဲ အိပ်ရသလို ဖြစ်နေမယ်၊ မွေ့ယာက အလယ်ကနေ ချိုင့်ဝင်ပြီး ခွက်ခွက်ကြီးဖြစ်နေမယ်၊ အိပ်ရတာလည်း သက်တောင့်သက်သာ မဖြစ်တော့ဘူးဆိုရင်တော့ မွေ့ယာကို အမြန်ဆုံးလဲလှယ်သင့်နေပါပြီ။ မွေ့ယာမကောင်းလို့ အိပ်ရေးမ၀ရင်လည်း လူရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေအပေါ်မှာ ထိခိုက်နိုင်တာမို့ လဲစရာရှိခဲ့ရင် အမြန်ဆုံးသာ လဲလှယ်ပြီး အိပ်ရေး၀၀နဲ့ အိပ်ကြစေဖို့ တင်ပြပေးလိုက်ရပါတယ်။

အသားအရည် မွဲခြောက်နေမယ်

အိပ်ရေးကောင်းကောင်းမ၀တဲ့အခါ ကော်တီဆိုးလ်အမည်ရတဲ့ စိတ်ဖိစီးမှုနဲ့ဆက်နွယ်နေတဲ့ ဟော်မုန်းတွေဖြစ်ပေါ်ပါတယ်။ ကော်တီဆိုးလ်တွေများလာတဲ့အခါ အရေပြားရဲ့ တင်းရင်းမှုဟာ လျော့ကျလာပြီး အသားအရည်ခြောက်သွေ့ကာ အရေပြားကို ယားယံလာစေပါတယ်။ ဒါကြောင့် ကိုယ်ညဘက်အိပ်မပျော်ရတဲ့ အကြောင်းရင်းဟာ မွေ့ယာကြောင့်လားဆိုတာလည်း သတိပြုသင့်ပါတယ်။

နိုးလာတဲ့အခါ နှာစေးနေမယ်

သင်ဟာ မနက်မိုးလင်းတဲ့အခါ နှာခေါင်းပိတ်၊ နှာစေးပြီး အိပ်ရာက နိုးလာတယ်ဆိုရင်တော့ အိပ်ရာထဲမှာ ဖုန်မှုန့်တွေနဲ့ ကြမ်းပိုးတွေတွယ်ကပ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဖုန်တွေ ၊ ကြမ်းပိုးတွေ မွေ့ယာပေါ်မှာ တွယ်ကပ်မနေနိုင်အောင် ခေါင်းအုံးစွပ်တွေနဲ့ အိပ်ရာခင်းတွေကို အနည်းဆုံး တစ်ပတ်တစ်ခါလောက်တော့ လျှော်ဖွပ်ဆေးကြောသင့်ပါတယ်။

နိုးလာတဲ့အခါ ပင်ပန်းနွမ်းနယ်နေတယ်

ညဘက်ကောင်းကောင်းမအိပ်ရရင် မနက်မိုးလင်းမှာ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ တကယ်လို့ ကိုယ့်မွေ့ယာကလွဲလို့ အခြားဘယ်နေရာမှာပဲဖြစ်ဖြစ် အိပ်ရတာ အဆင်ပြေနေတယ်ဆိုရင်တော့ မွေ့ယာလဲဖို့ စဉ်းစားသင့်နေပါပြီ။

တစ်ကိုယ်လုံး နာကျင်ကိုက်ခဲပြီး နိုးလာမယ်

မနက်မိုးလင်းတဲ့အခါ တစ်ကိုယ်လုံး နာကျင်တောင့်တင်းပြီး နိုးလာတယ်ဆိုရင် မွေ့ယာတွေကို လဲဖို့ အချိန်ရောက်နေပါပြီ။ မွေ့ယာတွေဟာ သက်တမ်းကြာတဲ့အခါ ခန္ဓာကိုယ်ကို အထောက်အပံ့ပြုပေးနိုင်တဲ့ စွမ်းရည်တွေ ဆုံးရှုံးသွားပါတယ်။ မွေ့ယာအတွင်းပိုင်းက သက်တောင့်သက်သာရှိရမယ့် နေရာက တဖြည်းဖြည်းနဲ့ အောက်ဘက်ကို အိကျကျွံဝင်ပြီး တောင့်တင်းမှုမရှိတော့တာကြောင့် အိပ်တဲ့လူက လည်ဂုတ်၊ ပခုံးနဲ့ ကျောတွေနာကျင်တာမျိုး ဖြစ်နိုင်ပါတယ်။

Source : asiaone

Photo : Pexels

Unicode Font :












Source : asiaone

Photo : Pexels

Comment here