Knowledge

ရေမလိုတဲ့အိမ်သာတွေကို တည်ဆောက်နေတဲ့ (၂၈) နှစ်အရွယ် အမျိုးသမီးလေးအကြောင်းကို မျှဝေလိုက်ပါတယ်…..

<<< Zawgyi ဖြင့်ဖတ်ရန် >>>

ရေရှားပါးမှုပြဿနာဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြစ်ပွားလျက်ရှိတဲ့ ပြဿနာပါ။ ရေဟာ လူတွေအတွက် အဓိကအရေးကြီးတဲ့အရာဖြစ်ပြီး ကမ္ဘာ့လူဦးရေ (၈၄၄) သန်းဟာ ရေရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ သောက်ရေ သုံးရေတွေ ရှားပါးလာလို့ အနာဂတ်မှာရေပြတ်လပ်မှုကြောင့် စစ်ပွဲတွေတောင် ဖြစ်ပေါ်လာနိုင်တယ်လို့ အချို့ကလည်း ထင်ကြေးပေးနေကြပါတယ်။ ကမ္ဘာကြီးပေါ်မှာ ရေကိုတန်ဖိုးမထားပဲ ဖြုန်းတီးနေသူတွေ ရှိသလို အတတ်နိုင်ဆုံးရေကို ချွေတာသုံးဖို့ အားပေးလုပ်ဆောင်နေသူတွေလည်း ရှိပါတယ်။

ကိုလံဘီယာနိုင်ငံနေ အသက်(၂၈) နှစ်အရွယ် ဂျနီဖာကောလ်ပက်စ်ဟာ ကိုလံဘီယာနေပြည်သူတွေအတွက် သန့်ရှင်းတဲ့ရေရရှိအောင်နဲ့ ရေအရင်းအမြစ်တွေကို ချွေတာထိန်းသိမ်းဖို့ နည်းလမ်းတွေကို ရှာဖွေခဲ့ပါတယ်။ ဂျနီဖာဟာ တီအာရာဂရာတာ အမည်ရတဲ့ ကုမ္ပဏီကိုတည်ထောင်ပြီး ကိုလံဘီယာနိုင်ငံထဲ စွမ်းအင်၊ ရေနဲ့ မိလ္လာရေဆိုးစနစ် ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။

သူမဟာ ကုန်ကျစရိတ်နည်းပြီး သဘာဝပတ်ဝန်းကျင်အတွက်လည်း သင့်လျော်တဲ့ အိမ်သာတွေကို စီမံခဲ့ပါတယ်။ ထူးခြားတာက ၄င်းအိမ်သာတွေဟာ ရေမလိုပါဘူး။ ဒါကြောင့် အိမ်သာတစ်ခါရေဆွဲချတိုင်း အပိုရေအရင်းအမြစ်တွေဆုံးရှုံးရတဲ့ ပြဿနာကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဂျနီဖာတီထွင်ဖန်တီးထားတဲ့ ရေမလိုအိမ်သာကို အသုံးပြုတဲ့အခါ နှစ်စဉ် ရေလီတာပေါင်း (၂၇၀,၀၀၀) ဆုံးရှုံးမှုကနေ ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

ဂျနီဖာနဲ့ အဖွဲ့ဟာ အမျိုးသမီးတွေကို ဘယ်လိုရေကောင်းရရှိအောင် လုပ်ဆောင်ရမလဲဆိုတာနဲ့ ရေဆိုးစနစ်နဲ့ ပတ်သက်ပြီး သိသင့်တာတွေကိုလည်း မျှဝေပေးနေပါတယ်။ လက်ရှိမှာတော့ ဂျနီဖာဟာ ကိုလံဘီယာမှာ အလားတူပရောဂျက်ပေါင်း (၇) ခုကို ပြုလုပ်နေဆဲဖြစ်တယ်လို့ အွန်လိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ rvcj အရ သိရှိရပါတယ်။ အသက်ငယ်ရွယ်ပေမယ့် သဘာဝပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်တွေရဲ့ အရေးပါမှုကို သိမြင်ပြီး ရေထိန်းသိမ်းရေးစနစ်တွေကို ကိုယ်တိုင်အကောင်အထည်ဖော်နေတဲ့ ကိုလံဘီယာသူလေး ဂျနီဖာကတော့ လေးစားအတုယူဖွယ်ပဲ ဖြစ်ပါတော့တယ်။






Ref : CNN

Comment here