Education

မိဘတွေအတွက် ကုန်ကျစရိတ်သက်သက်သာသာနဲ့ ကျောင်းဖွင့်ရက်တွေကိုကျော်ဖြတ်နည်းကို ဖော်ပြပေးလိုက်ပါတယ်…..

<<< Zawgyi ဖြင့်ဖတ်ရန် >>>

မကြာခင်မှာ ကျောင်းတွေပြန်ဖွင့်တော့မှာ ဖြစ်ပါတယ်။ မိသားစုအများစုအတွက်တော့ လိုအပ်တဲ့ ကျောင်းအသုံးအဆောင်ပစ္စည်းတွေဝယ်ယူခြင်းနဲ့ ကလေးကျောင်းဝတ်စုံတွေ ၀ယ်ယူခြင်းဟာ တော်တော်လေး အကုန်အကျများပါတယ်။ ကလေးတွေရဲ့ ကျောင်းအသုံးအဆောင်တွေဖြစ်တဲ့ ထမင်းဘူးတွေ၊ ဖိနပ်တွေ၊ အင်္ကျီတွေနဲ့ အီလက်ထရောနစ်ပစ္စည်းတွေဟာလည်း တစ်နှစ်ပြီးတစ်နှစ် ဈေးကြီးလာပါတယ်။ အခုအခါမှာတော့ မိဘတွေအနေနဲ့ ကျောင်းတက်တော့မယ့် မိမိသားသမီးတွေကို ကိုယ်လည်း အကုန်အကျနည်းအောင်၊ သူတို့လေးတွေလည်း အဆင်ပြေအောင် ဘယ်လိုစီမံပြီး ကျောင်းပို့နိုင်မလဲဆိုတာ mymoneycoach ကနေ ရည်ညွှန်းဖော်ပြပေးထားပါတယ်။

မိဘတွေအနေနဲ့ ကျောင်းတစ်ခါဖွင့်တိုင်း ကလေးတွေကို ပစ္စည်းအသစ်တွေ ၀ယ်ပေးဖို့ မလိုပါဘူး။ အရင်နှစ်တုန်းက သူတို့တွေ သုံးခဲ့တဲ့ ခဲတံ၊ ဘောပင်နဲ့ ဗလာစာအုပ်လေးတွေကို ပြန်အသုံးပြုခိုင်းနိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ မိဘတွေက ပစ္စည်းအသစ်တွေ လိုချင်မယ်ထင်ပြီး ၀ယ်ပေးမိပေမယ့် ကိုယ့်ကလေးက မနှစ်တုန်းက သူသုံးခဲ့တဲ့ ခဲတံလေး၊ ချွန်စက်လေးကို အရမ်းသဘောကျပြီး ဒီနှစ်မှာ ဆက်သုံးချင်တာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် တစ်ခုခု မ၀ယ်ခင် သူတို့ကို အရင်မေးပါ။

များသောအားဖြင့် စူပါမားကတ်တွေဟာ ကျောင်းဖွင့်ချိန်နီးလာတဲ့အခါ ဂိုထောင်ရှင်း clearance sales တွေ ချပေးလေ့ရှိပါတယ်။ ဒါကြောင့် ကျောင်းသုံးပစ္စည်းတွေကို ဈေးနှုန်းချိုချိုနဲ့ ရအောင် ဒီလိုအရောင်းဆိုင်တွေမှာ ၀ယ်ယူသင့်ပါတယ်။ ကလေးနဲ့အတူ ဒီနှစ်အတွက် ကျောင်းသုံးပစ္စည်းဘာတွေ လိုမလဲဆိုတာ စာရင်းပြုစုနိုင်ပါတယ်။ ဥပမာ ထမင်းဘူး သို့မဟုတ် ကွန်ပါဘူးကို ပြန်သုံးမှာလား၊ မနှစ်တုန်းက ၀ယ်ထားတဲ့ ဗလာစာအုပ်အလွတ်တွေရော ကျန်သေးရဲ့လားစသဖြင့် တွက်ချက်ပြီးမှ ၀ယ်ယူပါ။ ဒါဆိုရင် မလိုအပ်ပဲ အပိုကုန်မယ့် ပစ္စည်းစရိတ်တွေ အများကြီး လျော့သွားပါလိမ့်မယ်။

ပိုပြီး ဘတ်ဂျက်ကို ထိန်းထိန်းသိမ်းသိမ်းဖြစ်စေချင်တယ်ဆိုရင်တော့ ကျောင်းသုံးပစ္စည်းတွေကို ဘယ်လောက်အတိုင်းအတာထိ ငွေသုံးပြီး ကလေးကိုဝယ်ပေးမယ်ဆိုတာ သတ်မှတ်လိုက်ပါ။ ပြီးတဲ့အခါ ကလေးကို ငွေအကြောင်းနားလည်အောင် ပြောပြပေးပါ။ သတ်မှတ်ထားတဲ့ငွေဟာ အခုကျောင်းဖွင့်မယ့်ရက်မှာ သုံးဖို့ထားတဲ့ငွေဖြစ်ကြောင်း၊ အ၀တ်အစားသစ်တွေနဲ့ ကျောင်းသုံး အသုံးအဆောင်အသစ်တွေဝယ်ဖို့ ဖြစ်တယ်ဆိုတာ ရှင်းပြပေးပါ။ ဒါဆိုရင်တော့ မိဘတွေအနေနဲ့ မလိုလားအပ်ပဲ ပိုပြီးငွေကုန်ကြေးကျများရမယ့်အဖြစ်တွေကနေ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။






Ref : mymoneycoach

Comment here